In the news



News and Announcements

Oct 28
2020

News

ရောင်းလိုအား နည်းလာနိုင်သဖြင့် တရုတ်ပြောင်းကြိုပွိုင့်ဈေး စံချိန်တင် မြင့်တက်

  Oct 28 2020

The Farmer Media ရဲ့တရုတ်နိုင်ငံပြောင်းဈေးကွက်အခြေနေဖေါ်ပြချက် Copy ယူတင်ပြပေးလိုက်ပါသည်။
Crd:: The Farmer Media 

တရုတ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပြောင်းသီးနှံပျက်စီးခြင်းနှင့် အစိုးရက အရန်ပြောင်းလျှော့ချရန် နှစ်များစွာ ဆောက်ရွက်ခဲ့ခြင်းတို့ကြောင့် ပြောင်းရောင်းလိုအားနည်းလာကာ ဈေးတက်လာမည်ဟု ရင်းနှီးမြှုပ်နှံသူများက တွက်ဆပုံအောခဲ့ကြသဖြင့် အောက်တိုဘာ ၁၄ ရက်က ဖြစ်ပေါ်သော တရုတ်ပြောင်း ကြိုပွိုင့်ဈေးများ စံချိန်တင်အမြင့်ဆုံး ရောက်ရှိခဲ့သည်။
တရုတ်ဒါလီယံကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်ခဲ့သော ဇန်နဝါရီပြောင်းကြိုပွိုင့်ဈေးသည် စံချိန်တင်အမြင့်ဆုံးအဖြစ် တစ်တန်လျှင် ၂၅၆၆ ယွမ် (၃၈၀ ဒသမ ၇၀ ဒေါ်လာ) သို့ ရောက်ရှိခဲ့သည်။
တရုတ်အရှေ့မြောက်ပိုင်း ပြောင်းနယ်မြေအချို့တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပြောင်းပင်များ လဲပြိုခဲ့ရအပြီး ယခုနှစ်ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိနေသည်။ ထို့ပြင် အစိုးရကလည်း ယခင်က အဆမတန်မြင့်မားခဲ့သော အရန်ပြောင်းပမာဏကို လျှော့ချရန် ပြီးခဲ့သည့်နှစ်များအတွင်း ကြိုးပမ်းခဲ့သဖြင့် တရုတ်၏ ပြောင်းရောင်းလိုအား စိုးရိမ်စရာ မြင့်တက်ခဲ့သည်။
ဟေလုံကျင်းပြည်နယ်ဒေသအချို့တွင် တောင်သူများက ပဲပုပ် အစားထိုးစိုက်ပျိုးလာသဖြင့် ပြောင်းစိုက်ဧရိယာ လျော့ကျခဲ့သလို မိုးခေါင်မှုကြောင့် လျောင်းနင်နှင့် ဂျီလင်ပြည်နယ်တို့တွင်လည်း အထွက်ကျဆင်းဖွယ်ရှိနေသည်ဟု Shengda Futures ကုန်စည်လုပ်ငန်းမှ အကြီးတန်းဈေးကွက်သုတေသီ Meng Jinhui က ပြောသည်။
"ပြောင်းလက်ကျန်တွေက ရောင်းထွက်ပြီးပါပြီ။ ဈေးကွက်က ပြောင်းပြတ်လပ်မှာကို အပိုင်တွက်ဆထားပြီး ကြိုပွိုင့်ဈေးကို အတက်မှန်းထားကြပါတယ်" ဟု Meng က ပြောသည်။
ကုန်သည်၊ ပြောင်းအခြောက်ခံလုပ်ငန်းနှင့် သုံးစွဲသူများသည် ပြောင်းကို အလုအယက် ဝယ်ယူနေကြသည်ဟု နိုင်ငံ၏ ပြောင်းအများဆုံး ထွက်ရှိရာ ဟေလုံကျင်းပြည်နယ်မှ အခြောက်ခံလုပ်ငန်းတစ်ခု၏ မန်နေဂျာ Yuan က ပြောသည်။
 ဟေလုံးကျင်းတွင် ရိတ်သိမ်းပြီးထားစ ပြောင်းသီးနှံသစ်များ ဈေးကွက်သို့ မကြာသေးမီကမှ ဝင်ရောက်ထားသည်။
"အများစု ယုံကြည်ထားတာက ပြောင်းဈေး ထပ်တက်လာမှာကိုပါပဲ" ဟု ထိလွယ်ရှလွယ်ကိစ္စဖြစ်နေ၍ရှေ့နာမည်ကိုသာ ထုတ်ဖော်ခွင့်ပြုခဲ့သူ Yuan က ပြောသည်။ ပြောင်းအထွက် များရာ အခြားဒေသများဖြစ်သော ရှန်ဒေါင်၊ ဟဲပေနှင့် ဟီနန်ပြည်နယ်များ တွင်လည်း ပြောင်းဈေး မြင့်တက်ခဲ့သည်ဟု ဈေးကွက် စောင့်ကြည့်သူနှင့် ကုန်သည်များက ပြောသည်။
ပြောင်းသီးနှံသစ်အတွက် အဝယ်ဈေးနှုန်းများမှာ မကြာသေးမီနှစ်များကထက် ၃၀ ရာခိုင်နှုန်း ပိုများသည်ဟု ဟီနန်ပြည်နယ်တွင် ပြောင်းဧရိယာ ၁၀၀၀ မြူ (၁၆၆ ဧက) စိုက်ပျိုးထားသည့် သမဝါယမအသင်းတစ်ခုကို စီမံသူ တောင်သူ Song Yongquan က‌ ပြောသည်။
စက်တင်ဘာလကုန်ပိုင်းကမူ ပြောင်းသစ်များ ဈေးကွက်သို့ ဝင်ရောက်လာချိန် ဈေးနှုန်း ခေတ္တကျဆင်းခဲ့ပြီး ယခုတစ်ဖန် ပြန်တက်လာခြင်းဖြစ်သည်။
"သီးနှံသစ် ဝင်လာချိန်က ပြောင်းဈေး ကျပြီးသွားပါပြီပြီ။ တဖြည်းဖြည်းနဲ့ ဈေး ဆက်တက်သွားပါတော့မယ်" ဟု လဝက်ခန့်အကြာက ပြောင်းရိတ်သိမ်းပြီးစီးထားသူ Song က ပြောသည်။

#Reuters
#ဘာသာပြန် - ဝေယံဟိန်း (B.Ag)
#မြန်မာတောင်သူကြီးများဂျာနယ်
#TheFarmerMedia