In the news



News and Announcements

Sep 3
2020
 
 

News

ရှမ်းပြည်နယ်အတွင်း အရည်အသွေးမြင့် အစေ့ထုတ်ပြောင်း ဧက ၁ သောင်း စိုက်ပျိုး

  Sep 3 2020

ရှမ်းပြည်နယ် အတွင်းက ထွက်တဲ့ အစေ့ထုတ်ပြောင်းတွေ ဈေးကောင်းရရေး အတွက် ကနဦးအနေနဲ့ အရည်အသွေးမြင့် ပြောင်း ဧက ၁ သောင်း စတင် စိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါ တယ်။


“ပြောင်း ပြသနာဖြေရှင်းဖို့ အတွက် ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ကနဦး အစီအစဉ်(Pilot project) အနေနဲ့ ဧက ၁ သောင်းကို ဒီ ၁ နှစ်မှာ စာချုပ် နဲ့ စတင် ဆောင်ရွက်ဖို့ စီမံလျက်ရှိပါတယ်”လို့ ဝန်ကြီးက ပြောပါတယ်။


စက်တင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ်၊ ရှမ်းပြည်နယ် လွှတ်တော် ကြိမ် ၂၀ မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့မှာ လွိုင်လင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ် ရဲ့ ၂၀၂၀ ပြည့်နှစ် စိုက်ပျိုး ရာသီမှာ အစေ့ထုတ်ပြောင်း ဈေးကောင်းရရှိရေးနဲ့ တည်ငြိမ်ခိုင်မာတဲ့ ဈေးကွက် ပေါ်ထွန်းရေး ကြယ်ပွင့်ပြ မေးခွန်းကို ဝန်ကြီး ဦးစိုးညွန့်လွင်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။


အခုစိုက်ပျိုးမယ့် ဧက ၁ သောင်းက ထွက်လာမယ့် အစေ့ထုတ်ပြောင်းတွေကို အရည်အသွေး အစစ်အဆေးခံနိုင်ဖို့ ဆောင်ရွက်ထားပြီး မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံ ဘိန်းအစားထိုး သီးနှံအဖြစ် ပြောင်း ရောင်းဝယ်ခွင့် ရဖို့အတွက် ညှိနှိုင်း နေတယ်လို့လည်း ဦးစိုးညွန့်လွင်က ထပ်ပြောပါတယ်။


ရှမ်းပြည်နယ် အတွင်း အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းတဲ့ အစေ့ထုတ်ပြောင်း စိုက်ပျိုးနိုင်ဖို့ သာမက ပြောင်း အခြောက်ခံ စက်ရုံ တည်ဆောက်နိုင်ဖို့ကိုလည်း အကူအညီ ပေးနေတယ်လို့ ဆိုပါတယ်။


အခုနှစ်အတွင်း ရှမ်းပြည်နယ်မှာ အစေ့ထုတ် ပြောင်းစိုက် ဧက ၇ သောင်း ကျော်ရှိပြီး တန်ချိန် ၁ ဒသမ ၁၄၆ သန်း ထွက်မယ်လို့ ပြည်နယ် အစိုးရအဖွဲ့က ခန့်မှန်းထားကြောင်း သိရပါတယ်။ 


သတင်း - ခွန်ဆာ (ရွှေတြိဂံ)
ပုံစာ - ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အကြိမ် ၂၀ မြောက် ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်။
ဓာတ်ပုံ - စိုင်းစိုင်း